ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် အရည်အချင်း၊ ဂုဏ်သိက္ခာ၊ ပြည်သူလူထုအပေါ် ထားရှိသည့် စေတနာများဖြင့် သန့်ရှင်းစွာ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ပြောကြား

ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် အရည်အချင်း၊ ဂုဏ်သိက္ခာ၊ ပြည်သူလူထုအပေါ် ထားရှိသည့် စေတနာများဖြင့် သန့်သန့်ရှင်းရှင်း ၀င်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။

မတ် ၂၆ ရက်က ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အမှတ် ၁၂၄ ရပ် ကွက်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးသန်းဌေးက “ကျွန်တော်တို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေနဲ့ အရည်အချင်းနဲ့ ပြိုင်မယ်။ ဂုဏ်သိက္ခာနဲ့ပြိုင်မယ် လုပ်အားနဲ့၊ ပြည်သူလူထု အပေါ်မှာထားတဲ့ စေတနာနဲ့ပြိုင်မယ်။ တကယ်အလုပ်လုပ်ပြီး ပြိုင်မယ်။ ဘယ်ဓာတ်ပုံမှ အားမကိုးဘူး။ ဘယ်သူ့မှ အားမကိုးဘူး။ အရည်အချင်း အစစ်အမှန်နဲ့ ပြိုင်မယ် မျှမျှတတ ပြိုင်ပါမယ်။ အဲဒီအရည်အချင်း အစစ်အမှန်အပေါ်မှာ ရွေးချယ်မှုသာလျှင် ခင်ဗျားတို့ အကျိုးကို တကယ်ဆောင်နိုင် ပါလိမ့်မယ်။ မိမိဘက်က သန့်ရှင်းစွာ ယှဉ်ပြိုင်သလိုပဲ တခြားဘက်က ပြိုင်ဘက်များရဲ့ အခြေအနေကိုလည်း မျက်ခြည်မပြတ် မိမိပါတီဝင်များက စောင့်ကြည့်ပေးပါလို့ တင်ပြလိုပါတယ်။ အတတ်နိုင်ဆုံး အသန့်ရှင်းဆုံးပြိုင်မယ်။ တစ်ဖက်ကဘာ လုပ်သလဲဆိုတာ မျက်စိဖွင့် စောင့်ကြည့်ထားကြပါ။ တစ်ကြိမ် သင်ခန်းစာ ရပြီးပါပြီ” ဟု ပြောကြားသည်။

ထို့ပြင် ယခုတိုင်းပြည် အနေအထားသည် ၂၀၁၅ ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ရလဒ်ကြောင့် ဒီမိုကရေစီ အဓိပ္ပာယ် ဖွင့်ရာတွင် အားလုံးသဘောတူလျှင် အလုပ်ဖြစ်သည်ဆိုသည့် အယူအဆဖြင့် တိုင်းပြည်ကို ထိန်းကျောင်းနေခြင်း ဖြစ်ကြောင်း၊ အများညီရုံဖြင့် ‘ဤ’ ကို ‘ကျွဲ’ ဖတ်၍ရသော်လည်း ‘ဤ’ ကို ‘ကျွဲ’ ဖြစ်လာအောင် လုပ်၍မရကြောင်း၊ ထို့အတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၁၉ နေရာသာ ရှိသော်လည်း မိမိတို့ပါတီ အနေဖြင့် Balance လုပ်ချင်၍ ၀င်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ တာဝန်ယူခဲ့စဉ်က အစိုးရလက်ထက်နှင့် ယခုလက်ရှိ တာဝန်ယူထားသည့် အစိုးရ၊ လွှတ်တော်မှ လုပ်ဆောင်နေမှုများ နှိုင်းယှဉ်ထောက်ပြကာ ယခုမဲဆွယ် စည်းရုံးရာတွင် ဟောပြောမှုများ ပြုလုပ်ခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၁၉ နေရာ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုးဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် သုံးဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ခြောက်ဦးဖြင့် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနေလင်းက “အခု ကြားဖြတ်ရွေးကောက်ပွဲ ပေါ်ပေါက်လာတဲ့အတွက် ကျွန်တော့်ဆန္ဒတွေ အကောင်အထည်ပေါ်ပြီလို့ ပြန်လည်အသက်သွင်းဖို့ အခွင့်အရေးတစ်ခု ပြန်ရခဲ့ပြီလို့ မိဘပြည်သူများကို ကျွန်တော် ပြောကြားလိုပါတယ်။ ကျွန်တော် လုပ်ချင်တဲ့ဆန္ဒ၊ ကျွန်တော့်ရည်မှန်းချက် ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ချင်နေတောင်မှ မဲဆန္ဒရှင် မိဘပြည်သူများရဲ့ ယုံကြည်မှု တာဝန်ပေးအပ်မှုများ ကျွန်တော့်ကို ထောက်ခံဆန္ဒပြုခဲ့ပါမှ ကျွန်တော်ဟာ လွှတ်တော်ကိုယ်စားလှယ်လောင်းမှ လွှတ်တော်ကိုယ်စားလှယ်ကောင်း တစ်ယောက် ဖြစ်မှာပါ။ အဲဒီအတွက် မိဘပြည်သူများကို မေတ္တာရပ်ခံလိုတာက ကျွန်တော့်ကို ယုံကြည်စွာ တာဝန်ပေးအပ်ပါ။ ယုံကြည်စွာနဲ့ ဆန္ဒမဲပေးပါလို့ တောင်းခံလိုပါတယ်” ဟု မဲဆွယ်စည်းရုံးရာတွင် ပြောကြားသည်။

“မဲဆွယ်စည်းရုံးရေးရှိတယ် ကြားလို့ လာနားထောင်တာ ဘာတွေပြောလဲပေါ့။ ကျွန်တော်ကတော့ ဘယ်ပါတီရယ်လို့တော့ မဟုတ်ဘူး။ ပြည်သူလူထုကို ပြန်ကြည့်တဲ့သူကိုပဲ မဲပေးမယ်။ NLD ပဲဖြစ်ဖြစ် ကြံ့ခိုင်ရေးပဲဖြစ်ဖြစ် ပြည်သူကို ပြန်မကြည့်ရင် မပေးဘူး။ ပြန်ကြည့်တဲ့သူကိုပဲ ပေးမယ်။ အလုပ်လည်း လုပ်တဲ့သူပေါ့” ဟု မဲဆွယ်စည်းရုံးရေးပွဲသို့ တက်ရောက်လာသည့် မဲဆန္ဒရှင် အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲ အပြီးတွင် တက်ရောက်လာသည့် ပါတီခေါင်းဆောင်များ၊ ပါတီဝင်များနှင့် ထောက်ခံသူများက “ပြည်ခိုင်ဖြိုးပါတီ နိုင်ရမည်” ဟူ၍ သုံးကြိမ်တိုင် အော်ဟစ်ကြွေးကြော် ခဲ့ကြသည်။

Writer:
ချမ်းဝေစိုး