လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်သော မဲရုံမှူးများအား ကော်မရှင်က အကာအကွယ်ပေးမည်

လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ပါက မဲရုံမှူးများကို တရားစွဲဆိုခြင်း မခံရစေရန် ကော်မရှင်က အကာအကွယ်ပေးမည် ဖြစ်ပြီး မဲရုံအတွင်း မဲဆွယ်ခြင်းကဲ့သို့ လမ်းညွှန်ချက်ထက် ကျော်လွန် လုပ်ဆောင်ပါက ဥပဒေနှင့် ငြိစွန်းပြီး တရားစွဲဆိုခံရမည်သာ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက  ပြောကြားသည်။

နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဇန်န၀ါရီ ၂၅ ရက်က ပြုလုပ်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် မဲရုံဆိုင်ရာ သင်တန်းတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဘယ်ကို ထည့်ပေးပါလို့ မဲရုံမှူး ကိုယ်တိုင်ကပြောရင် သူငြိတာပဲ။ ကျွန်တော်တို့ လမ်းညွှန်ချက်မှာ မဲဆွယ်ပေးရမယ်လို့ မပါဘူး။ သူက သွားဆွယ်ရင် သူ့အစ်ကိုပါမယ်။ ဦးလေးပါမယ်။ ဒီပါတီ ထည့်ပေးပါဆိုရင်သူ ငြိမှာပဲ။ ဒါက တရားစွဲလို့ရတယ်။ ဒါကြောင့် မဲရုံမှူး၊ ဒုမဲရုံမှူး စည်းကမ်းအတိုင်း လိုက်နာပါ။ သူကိုယ်တိုင်က ဖောက်ရင်ဖောက်တဲ့ သူကတော့ ဘယ်သူမဆို ကျွန်တော်တောင် ပါသွားမှာပဲ။ ကျွန်တော် ကော်မရှင်ဥက္ကဋ္ဌလည်း လုပ်ချင်တိုင်းလုပ်လို့ ရတာမဟုတ်ဘူး”ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဆိုသည်။

ဆက်လက်ပြီး “ ဥပဒေနဲ့ လမ်းညွှန်ချက်အတိုင်း လုပ်ရင် အရေးယူလို့မရအောင် ကျွန်တော်တို့က ကာကွယ်ပေးရမှာ။ ဥပဒေဘောင်အတွင်းကပဲ ဆွဲထားတာ။ ကျွန်တော်တို့ လမ်းညွှန်ချက်အတိုင်း လုပ်ရင်တော့ ဘယ်လိုမှ တရားစွဲလို့မရပါဘူး။ စွဲလို့ရရင် သူကိုယ်တိုင်က လမ်းညွှန်ချက်ကို ကျော်လုပ်လို့ပါ”ဟု ၎င်းက ပြောကြားသည်။

 

Writer:
နေရိုင်း၊ ကျော်မျိုး
Source – Eleven Media